Showing posts with label ကုရ်အာန်. Show all posts
Showing posts with label ကုရ်အာန်. Show all posts

Wednesday, February 6, 2013

မုဟမ္မဒ်နှင့်ကုရ်အာန်

အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့
သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)အာဂမဓရတို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။ လူ့ဘဝတွင် လူရိုင်း တို့အားယဉ်ပါးစေတော်မူခဲ့သည်။ လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသော သူတို့အား လူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။ တမန်တော်မြတ်သည် အစ္စလာမ် အယူဝါဒကို မိမိကိုယ်တိုင်ကျင့်သုံး ပြသတော်မူခဲ့သည်သာမက စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။
Powered by Blogger.
click me to reveal the contact form

ဆက်သွယ်ရန် (MMYO):

Name

Email *

Message *

IOBS!

Welcome to our new website: ( MMYO )